လူရယ်လို့ဖြစ်လာရင် မလွဲမသွေကြုံရမယ့်ကိစ္စနှစ်ခုရှိပါတယ်။ သေခြင်းတရားနဲ့အခွန်ဆောင်ခြင်းပါ။ လူတွေဟာ အောက်ဆီဂျင်ရှိမှ အသက်ရှင်နိုင်မယ်ဆိုတာကိုနားလည်ပေမယ့် အလကားရတဲ့လေကို သတိမပြု၊ ကျေးဇူးမတင်မိကြသလိုမျိုးပဲ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို မသိမသာရော၊ သိသိသာသာရော ငယ်စဉ်ကတည်းက ထိတွေ့ခံစားခဲ့ကြရပါတယ်။ အခွန်ဆောင်ရခြင်းနဲ့ပတ်သက်ပြီး “ဆောင်ဆိုလို့သာ ဆောင်လိုက်ရတယ်၊ ဘာမှန်းမသိလိုက်ဘူး” ဆိုတဲ့သူတွေအတွက် စိတ်သက်သာရာရစေဖို့ (သို့မဟုတ်) အဖြေတစ်ခုခုရနိုင်ဖို့ ဒီ Blog လေးကို တင်ဆက်လိုက်ရပါတယ်။
ယေဘုယျအနေနဲ့ဆိုရင် နိုင်ငံတစ်ခုမှာရှိရမယ့် ဂုဏ်အင်္ဂါရပ်တွေဖြစ်တဲ့ လမ်း၊ တံတားတွေ၊ ကျောင်းတွေ၊ အပန်းဖြေစရာနေရာတွေ၊ ဗဟုတသုတအတွက်ပြတိုက်တွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ စစ်ဖက်ဆိုင်ရာလိုအပ်ချက်ဖြည့်ဆည်းခြင်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာနဲ့အကျိုးပြုလုပ်ငန်းတွေအတွက် ချီးမြှင့်ခြင်း၊ ထောက်ပံ့ခြင်းတွေ စသဖြင့် ကိစ္စရပ်တိုင်းအတွက် ငွေလိုအပ်ပါတယ်။ ဖော်ပြခဲ့တဲ့အရာတွေဟာ အဲဒီနိုင်ငံမှာ နေထိုင်တဲ့ပြည်သူအားလုံးအကျိုးအတွက် ရည်ရွယ်တာဖြစ်လို့ တစ်ဦးတစ်ယောက်တည်းကပဲ လိုအပ်သမျှ ငွေတွေကိုပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ တရားမျှတမှုလည်းရှိမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် လူတစ်ယောက်တည်းကပဲ ၁ သိန်းပေးရမယ်ဆိုရင် များပေမယ့် လူ ၁၀ ယောက်ဆိုရင်တော့ တစ်ယောက်ကို ၁ သောင်းဆီပဲဆိုရင် ထည့်ဝင်ရမယ့်ပမာဏက ပိုပြီးမျှတလာတာကို တွေ့ရမှာပါ။ ဒါပေမယ့် ထပ်ပြီးတော့ အဲဒီ ၁၀ ယောက်မှာ ၃ ယောက်က လုံးဝမထည့်ဘူး၊ ၅ ယောက်လောက်က ၁ သောင်း အပြည့်အဝမထည့်ဘဲ ၃ ထောင်၊ ၅ ထောင် စသဖြင့် လိမ်ညာပြီးထည့်မယ်ဆိုရင် အဲဒီရဲ့ အကျိုးဆက်ကိုတော့ ၁၀ ယောက်စလုံးက ခံစားရမှာဖြစ်ပါတယ်။ နိုင်ငံ့အနေအထားအရ မှန်မှန်ကန်ကန် ၁ သောင်းထည့်တဲ့သူနဲ့ အဆင်ပြေသလိုထည့်နေတဲ့သူကို အသေအချာစီစစ်အရေးယူခြင်းတွေ ၁၀၀ ရာခိုင်နှုန်းပြည့် မလုပ်ဆောင်နိုင်ခဲ့ရင်တောင် ဒီရဲ့ အကျိုးဆက်ဟာ ကိုယ်တစ်ယောက်တည်းတင်မကပဲ တခြားပြည်သူတွေအပေါ်ကိုပါ သက်ရောက်မှုရှိတယ်ဆိုတာ နားလည်စေချင်ပါတယ်။
၀င်ငွေခွန် (Income Tax) ရဲ့ အမှန်တရားကတော့ ကိုယ်နည်းနည်းရရင် နည်းနည်းပဲပေးရမှာဖြစ်ပြီး၊ များများရရင် များများပေးရမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခုပေးဆောင်ရတဲ့ပမာဏနဲ့ ဥပဒေတွေ အနည်းငယ်ကွာခြားမှုရှိပါတယ်။ အခြေခံသဘောတရားနဲ့ရည်ရွယ်ချက်ကတော့ တူညီပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခွန်ဆောင်ရမယ့်ကာလအပိုင်းအခြားအတွင်းမှာ ( ဥပမာ လက်ရှိဆိုရင် ဧပြီလ ၂၀၁၈ ကနေ မတ်လ ၂၀၁၉ အထိ) တွက်ကြည့်လိုက်လို့ ကိုယ့်ရဲ့ စုစုပေါင်းဝင်ငွေက သိန်း ၂၀ အောက်မှာပဲရှိတယ်ဆိုရင် အခွန်ဆောင်စရာ မလိုအပ်သေးပါဘူး။ သိန်း ၂၀ ကနေ ၅၀ အတွင်းဆို ၅%၊ သိန်း ၅၀ ကနေ ၁၀၀ အတွင်းဆို ၁၀%၊ သိန်း ၁၀၀ ကနေ ၂၀၀ အတွင်းဆို ၁၅%၊ သိန်း ၂၀၀ ကနေ ၃၀၀ အတွင်းဆို ၂၀%၊ သိန်း ၃၀၀ နဲ့ အထက်ဆိုရင်တော့ ၂၅% ဆောင်ရမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အမြင့်ဆုံးဆောင်ရတဲ့ ပမာဏက ၄၀% လောက်ထိတောင် ရှိတတ်ပါတယ်။ အခွန်ဆောင်တဲ့နေရာမှာ မျှတမှုရှိစေဖို့ အဖေ၊ အမေသက်ရှိထင်ရှားရှိတယ်ဆိုရင် ၁၀ သိန်း၊ အိမ်ထောင်ဖက်ရှိတယ်ဆိုရင် ၁၀ သိန်း၊ ကလေးရှိတယ်ဆိုရင် တစ်ယောက်ကို ၅ သိန်းစသဖြင့် အခွန်ကင်းလွတ်ခွင့်နှုန်းထားများကိုလည်း သတ်မှတ်ထားပါသေးတယ်။ ကိုယ့်ရဲ့ လစာအရ အခွန် ဘယ်လောက်အထိအဖြတ်ခံရနိုင်တယ်ဆိုတာသိဖို့ Tax Calculator တွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ လွယ်ကူရှင်းလင်းပြီး လူတိုင်းအဆင်ပြေပြေသုံးလို့ရတဲ့ Link တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ https://kanaung.com/mmtax/#/calculatorကို ၀င်ရောက်ပြီး အကြမ်းဖျင်းတွက်ချက်ကြည့်လို့ရပါတယ်။ (Original Website Provider, Kanaung ကိုလည်း Credit ပေးချင်ပါတယ်။) သူက Quarterly ဆောင်ရတာဖြစ်ပြီး တစ်လမှာ ဘယ်လောက်ဆောင်ရမယ်ဆိုတာထက် တစ်နှစ်လုံးစာဆောင်ရမယ့် ပမာဏပြည့်ရင် အဆင်ပြေတဲ့အတွက် ကုမ္ပဏီတစ်ခုနဲ့တစ်ခု လစဉ်တွက်တဲ့၊ ဖြတ်တဲ့ပမာဏက အနည်းငယ်ကွာဟမှု ရှိနိုင်ပါတယ်။
မွေးဖွားလာကတည်းက လူတိုင်းမှာ တာဝန်ကိုယ်စီပါလာကြပါတယ်။ ဒါပေမယ့် တာဝန်သိတတ်စိတ်ကတော့ လူတိုင်းဆီမှာပါလာဖို့ မသေချာပါဘူး။ ကမ္ဘာကြီးက ပင်လယ်ပြင်ကြီးလို့ ဆိုကြပါစို့။ နိုင်ငံတွေကတော့ ပင်လယ်ထဲမှာသွားလာနေတဲ့လှေတွေ၊ သဘောင်္ကြီးတွေလို့ မြင်ကြည့်ကြရအောင်။ ကိုယ်လိုက်ပါလာတဲ့ လှေဝမ်းပေါက်နေတဲ့အခါ ၀ုိင်းဝန်းပြီး ကူညီဖာထေးမလား၊ အပြစ်ပြောပြီး ဘေးထွက်ထိုင်နေမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ဘေးထွက်ထိုင်တဲ့သူတွေ များလာရင်တော့ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာလှေနစ်သွားမှာသေချာပါတယ်။ အချောင်ခိုချင်တဲ့စိတ်နဲ့ တာဝန်ယူတတ်တဲ့စိတ်ကို အသိဉာဏ်ဆိုတဲ့အရာက ပိုင်းခြားပေးပါတယ်။ ဒီအသိဉာဏ်ကိုရဖို့ ငယ်စဉ်ကတည်းက မှန်ကန်တဲ့ထိန်းကျောင်းပြုပြင်ခြင်းတွေ လိုအပ်ပါတယ်။ နောက်ပြီး အရည်အချင်းပြည့်ဝတဲ့လူ့စွမ်းအားအရင်းအမြစ်တစ်ခုကသာ နိုင်ငံကို တိုးတက်အောင်၊ မဆုတ်ယုတ်အောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်အတွက်မဟုတ်ရင်တောင် ကိုယ့်ရဲ့ နောက်မျိုးဆက်တွေအတွက် ဒီနိုင်ငံကို ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် ချန်ထားခဲ့ကြရအောင်ပါ။ သူများကို မကြည့်ဘဲ သူများကို မပြောဘဲ ကိုယ်တစ်ယောက်တည်းရဲ့ နိုင်ငံ့သားတာဝန်လေးတော့ ကျေအောင် ထမ်းဆောင်ကြရအောင်ပါ။